ဘာကြောင့် ဖွားဖက်တော်တစ်ဝိုက်မှာ ယားယံနေတာလဲ
အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ အချိန်ပြည့် ချွေးနဲ့အောင်းနေပြီး အဝတ်အစားများနဲ့ ထိတွေ့နေရတာကြောင့် တစ်ခါတလေမှာ အကြောင်းရင်းမရှိဘဲ ယားယံတတ်ပါတယ်။ ဒီယားယံမှုဟာ မပြင်းထန်သလို ကျန်းမာရေးအရ စိုးရိမ်စရာလည်း မရှိပါဘူး။ ဒါပေမယ့် အချိန်တိုင်း ယားယံနေတယ်၊ မကုတ်ရ မနေနိုင်တဲ့အထိ ယားယံမှုက ပြင်းတယ်၊ အရေပြားယားတာအပြင်ကိုမှ တခြားလက္ခဏာတွေပါ တွေ့ရတယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု၊ သို့မဟုတ် အကြောင်းရင်းတစ်ခုခုကြောင့် ယားတာဖြစ်နိုင်ပါတယ်။
အမျိုးသားလိင်တံအရေပြားကို ယားယံစေတဲ့ အကြောင်းရင်းတွေကတော့
၁။ လိင်တံထိပ် မှိုစွဲခြင်း (Candidiasis)
အမျိုးသားလိင်တံရဲ့ ထိပ်ခေါင်းပတ်လည်မှာ မှိုစွဲတဲ့အရေပြားရောဂါတစ်ခုဖြစ်ပြီး ယားယံခြင်းအပြင် အပိမ့်ထတဲ့ အင်ပျဉ်ကွက်များ၊ ပျစ်ပြီးအဖြူရောင်ရှိတဲ့ အရည်များ စိမ့်ထွက်နေတဲ့ လက္ခဏာပါ တွေ့ရနိုင်ပါတယ်။
၂။ လိင်အင်္ဂါကြွက်နို့ (Genital Warts)
လိင်တံထိပ်ခေါင်းနဲ့ ဆီးစွန့်တဲ့အပေါက်ဝနားမှာ ဖြစ်တတ်ပြီး ယားယံတဲ့၊ သွေးအနည်းငယ်ထွက်တဲ့ အဖုအပိမ့်လေးများ စုဝေးပြီး ပေါက်တာ၊ တစ်ခါတရံမှာ အလုံးအကျိတ်လိုမျိုး တွေ့ရပါတယ်။
၃။ ဆိုရီရေးစစ်အရေပြားရောဂါ (Psoriasis)
ဆိုရီရေးစစ်ဟာ အရေပြားကို အကြေးခွံထစေပြီး ခြောက်သွေ့နီရဲစေတဲ့ အရေပြားရောဂါတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်ပြီး လိင်အင်္ဂါမှာလည်း ဖြစ်နိုင်ပါတယ်။
၄။ ဝဲပေါက်ခြင်း (Scabies)
မွှားကောင်များဟာ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး လျှောက်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာ သေးငယ်တဲ့၊ နီရဲတဲ့အဖုအပိမ့်လေးများအဖြစ် ကျန်ရစ်နေနိုင်ပါတယ်။ အလွန်အမင်းယားယံစေပြီး သေချာကုသမှုခံယူမှသာ ပျောက်ကင်းနိုင်မှာပါ။
၅။ အရေပြားဓာတ်မတည့်ဖြစ်ခြင်း (Contact Dermatitis)
ကိုယ်ခန္ဓာက အန္တရာယ်ရှိတဲ့ ပြင်ပအရာဝတ္ထုအဖြစ် သတ်မှတ်ထားတဲ့ အရာတွေ ခန္ဓာကိုယ်ထဲဝင်လာတဲ့အခါ၊ အရေပြားနဲ့ ထိတွေ့တဲ့ခါ၊ ရှူရှိုက်လိုက်တဲ့အခါ ဓာတ်မတည့်လက္ခဏာ ပြလာတတ်ပါတယ်။ တစ်ခါတလေ အတွင်းခံကိုလျှော်တဲ့ အဝတ်လျှော်ဆပ်ပြာအသစ်ကြောင့်၊ ရေမွှေးအသစ်ကြောင့်၊ ရေချိုးဆပ်ပြာအသစ်ကြောင့်၊ အစရှိသဖြင့် ပြင်ပအရာဝတ္ထုနဲ့ ထိတွေ့မိတဲ့အခါ လိင်တံပတ်လည်မှာ အင်ပျဉ်ကွက်များ၊ အဖုအပိမ့်လေးများ ပေါက်လာနိုင်ပါတယ်။
၆။ လိင်အင်္ဂါရေယုန် (Herpes)
လိင်အင်္ဂါ၊ ပေါင်ခြံ၊ စအိုဝမှာ သေးငယ်တဲ့အဖုငယ်လေးများ အစုအပြုံပေါက်နေတတ်ပြီး အဖုအတိုင်းရှိနေစဉ်မှာ အလွန်အမင်းယားယံ၍ ပေါက်သွားတဲ့အခါ ရေယုန်နာအဖြစ် ကျန်နေပြီး အလွန်အမင်းယားယံခြင်းနဲ့ နာကျင်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။
၇။ အရေပြားနှင်းခူ (Eczema)
အရေပြားမှိုစွဲရောဂါတစ်ခုဖြစ်ပြီး လိင်တံပတ်လည်အရေပြားပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။ နှင်းခူပေါက်နေတဲ့အရေပြားမှာ ခြောက်သွေ့နီရဲပြီး ယားယံနေတာကို တွေ့ရနိုင်ပါတယ်။
၈။ လိင်တံထိပ်ဖူးရောင်ရမ်းခြင်း (Balanitis)
တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းကြောင့် လိင်တံထိပ်ပတ်လည်ဟာ ယားယံပြီး အနံ့ဆိုးများထွက်နေခြင်း၊ ရောင်ရမ်းနေခြင်းနဲ့ ဆီးသွားနေစဉ် နာကျင်ခြင်းလက္ခဏာကို ခံစားရနိုင်ပါတယ်။
၉။ ဆီးခုံမွေးတွင် သန်းတွယ်ခြင်း (Pubic Lice)
သန်းဟာ ခေါင်းနဲ့ ဦးရေပြားမှာပဲတွယ်နိုင်တယ်ထင်ရင်တော့ လုံးဝမှားပါလိမ့်မယ်။ သန်းရှိနေသူတစ်ဦးနဲ့ အနီးကပ်ထိတွေ့တဲ့အခါ၊ အဝတ်အစားများ မျှဝေဝတ်ဆင်တဲ့အခါ၊ လိင်ဆက်ဆံမိတဲ့အခါ တခြားသူဆီက သန်းဟာ ဆီးခုံမွေးကြားထဲရောက်သွားပြီး မွေးညှင်းပေါက်ထဲမှာတစ်ဆင့် အသားထဲဝင်ကာ သန်းတွယ်နိုင်ပါတယ်။
၁၀။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း
တစ်နေ့ကို တစ်ကြိမ်အနည်းဆုံး ရေမချိုးတဲ့အခါ၊ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေ ရေချိုးတဲ့အခါ လိင်တံထိပ်ပတ်လည်ကို သေချာသန့်ရှင်းရေးမလုပ်တဲ့အခါ ယားယံတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။
လိင်တံယားယံတဲ့အခါ
- ရေခဲအုံပေးပါ။
- ရေသေချာချိုးပေးပါ။
- ချွေး၊ ရေများကို ခြောက်အောင် သုတ်ပါ။
- ပန်ကာ၊ အဲကွန်းလေဖြင့် ပေါင်ခြံတစ်ဝိုက် အေးမြနေအောင် ထားထားပါ။
- အတွင်းခံအကြပ်တွေ မဝတ်ပါနဲ့။
Source: https://www.medicalnewstoday.com/articles/itchy-penis#home-remedies
ရေးသားသူ - ရဲမျိုးမြတ်